ငါးရံခြောက်တစ်ပိဿာ ၂ သိန်းကျော်အထိစျေးရှိနေ

07/01/2026 15:00 PM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်း ငါးခြောက်စျေးကွက်မှာ ငါးရံ့ခြောက်က စျေးတန်းအမြင့်ဆုံးနဲ့ တစ်ပိဿာ ၂၀၀၀၀၀ ကျပ် အထက်ထိ စျေးနှုန်းရှိနေတယ်လို့ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

အရိုးလွတ်အရေခွံမပါတဲ့အ သားသီးသန့်ငါးရံ့ခြောက်ရဲ့ ပိဿာချိန်စျေးနှုန်းမှာ တစ်ပိဿာကို  ၂၀၀၀၀၀ ကျပ်ရှိပြီး လက်လီပြန်လည်ရောင်း ချတဲ့စျေးနှုန်းမှာမူ   ၂၀၀၀၀၀ ကျပ်အထက် စျေးတန်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ငါးရံ့ခြောက်ပြား  (အရိုး ၊အသား ၊ အရေခွံ ပါရှိတဲ့ပိဿာချိန် စျေးနှုန်းကတော့ ငါးရံ့အကောင် အကြီးအသေး အရွယ်အစားပေါ်မှုတည်ပြီး  တစ်ပိဿာကို  ၁၁၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။

" ငါးရံကို အရိုးမထုတ် အရေခွံမခွာဘဲ  ကျောခွဲလှမ်းထားတဲ့ အကောင်လိုက်က ပိုရောင်းရတယ်။ အသားသီးသန့်လည်း ဝယ်သူတော့ ရှိပါတယ်။ ငါးရံ့ကနေ လှမ်းလိုက်ရင် အလေးချိန် လျော့တယ်လေ။ အဲဒါကြောင့် ငါးရံ့ခြောက်စျေးက မြင့်နေတာ။ ငါးရံ့အရှင်ဆို တစ်ပိဿာမှ ၁၅၀၀၀ ပဲရှိတာ" လို့ ငါးခြောက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကိုမြင့်ကပြောပါတယ်။

ငါးရံ့ခြောက်စျေးနှုန်းမှာနေရာဒေသအပေါ်လိုက်ပြီး စျေးနှုန်းလည်း ကွာခြားမှုရှိနေပြီး ငါးရံ့ခြောက်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးမှအဓိကထွက်ရှိတာဖြစ်ပါတယ်။

ငါးခြောက်စျေးကွက်မှာ ငါးကျီးခြောက် တစ်ပိဿာ ကို  ၁၇၀၀၀၀ ကျပ်၊ ငါးမြွေထိုး ၈၅၀၀၀၊ အာပြဲခြောက် ရှယ်က ၈၅၀၀၀၊ ငါးနီတူခေါင်းပြတ် ၅၀၀၀၀ ၊ ငါးကွင်းရှပ် ၅၀၀၀၀ ကျပ်၊ ငါးလိပ်ကျောက် ၄၅၀၀၀ ၊ ငါးပုတ်သင် ၃၆၀၀၀၊ ငါးအုန်းရွှေဝါ ( ဖိုးထွန်းမျှင်)  ၄၀၀၀၀ ၊ ငါးတံခွန် ၂၈၀၀၀ ကျပ်နဲ့ စျေးနှုန်း အသီးသီးရှိတယ်လို့သိရပါတယ်။

ငါးခြောက်တွေထဲမှာဆိုရင် တစ်ပိဿာကို ၂၀၀၀၀ ကျပ်မှ ၅၀၀၀၀ ဝန်းကျင်အတွင်းရှိတဲ့  ငါးခြောက်အမျိုးစားတွေကိုသာ ဝယ်ယူစားသုံးမှု နှုန်းများတယ်လို့ သိရပါတယ်။

" ငါးခြောက်က စျေးတအား တက်နေတော့ သိပ်တော့မစားဖြစ်ဘူး။ တစ်ခါတစ်ရံပေါ့ ။ ဒီဘက်မှာ ငါးအုန်းရွှေဝါ အစားများတယ်။ လက်လီ ဝယ်စားရတာ တော့ ၄၆၀၀၀ စျေးရှိတယ်။ ငါးပုတ်သင်စားကြတယ်။ ငါးတံခွန်စားတယ်"လို့စားသုံးသူတစ်ဦးကပြောပါတယ်။

ယခုနှစ်မှာ  ငါးခြောက်အထွက်နှုန်း လျော့ကျမှုရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သယ်ယူ ပို့ဆောင်စရိတ်တွေ မြင့်တက်လာတဲ့ အတွက်လည်း  ငါးခြောက် အမျိုးအစားအလိုက် စျေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ငါးခြောက်ကတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က အများဆုံးထွက်ရှိပြီး အဆိုပါဒေသကမှ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပြန်လည်ဖြန့်ချီရောင်းချတာ ဖြစ်တယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်