ကြက်ဥ၊ ဘဲဥဈေးအကျဘက်ရောက်လာသော်လည်း ငုံးဥဈေးနှုန်း ၂၀၀ ဝန်းကျင်ထိ ဖြစ်လာ

10/03/2026 12:07 PM တွင် AMIA AMIA မှ ရေးသား

 

ပြည်တွင်း အသားငါးဈေးကွက်တွင် ကြက်ဥနှင့် ဘဲဥဈေးနှုန်းများမှာ အကျဘက်သို့ ရောက်ရှိလာသော်လည်း ငုံးဥဈေးနှုန်းမှာမူ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခင်က ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်အထိ ဈေးပေးဝယ်ယူခဲ့ရသော်လည်း လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်းသာ ဈေးနှုန်းရှိတော့သည်။ အလားတူ ဘဲဥဈေးနှုန်းမှာလည်း လက်ရှိတွင် တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၅၅၀ ကျပ်အတွင်းသာ ရှိပြီးယခင်က ဘဲဥတစ်လုံးလျှင် အနည်းဆုံး ၆၀၀ ကျပ်အထိ ရှိခဲ့ခြင်းဖြစ်သည်။

"ကြက်ဥရော ဘဲဥရော ဈေးကျပါတယ်။ ကြက်ဥတစ်လုံးကို ၄၅၀ ကျပ်နဲ့ ရောင်းပါတယ်။ ဒါက လက်လီဈေးပါ။ ဘဲဥကတော့ ၅၅၀ ကျပ်ပါ။ ၄၅၀ တန် ကြက်ဥကတော့ အရွယ်အစား နည်းနည်းသေးတာပေါ့" ဟု ကြက်ဥ၊ ဘဲဥ ရောင်းချသူတစ်ဦးက ပြောကြားသည်။

ငုံးဥဈေးနှုန်းမှာမူ အလုံးအရွယ်အစားအပေါ် မူတည်၍ တစ်လုံးလျှင် ၁၀၀ ကျပ်ကျော်မှ ၂၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းအသီးသီး ရှိနေကြောင်း သိရသည်။

ပြည်တွင်းစားသုံးမှု ဈေးကွက်တွင် ကြက်ဥမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးမှု အများဆုံးဖြစ်ပြီး ဘဲဥမှာ ဝယ်လိုအား အနည်းငယ် နည်းပါးကြောင်း သိရသည်။ အလားတူ ငုံးဥမှာလည်း စားသောက်ဆိုင်များနှင့် စားသုံးသူအချို့သာ ဝယ်ယူမှု ရှိကြသည်။

"ငုံးဥနဲ့ ဘဲဥက ရောင်းအား နည်းပါတယ်။ ကြက်ဥကတော့ လက်လီရော လက်ကားပါ ရောင်းရတယ်။ သူ့အရွယ်အစားအလိုက် ဈေးနှုန်းကတော့ ကွဲပြားပါတယ်။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ ဈေးကျသွားတာပါ" ဟု ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ လက်လီလက်ကား ရောင်းချသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းစသည့် ဒေသအချို့၌ ဥစားကြက် မွေးမြူရေးဇုန်များကို ဖော်ဆောင်ထားပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ဇုန်တိုးချဲ့မှုများ ပြုလုပ်ရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိသည်။ ဥစားဘဲ မွေးမြူရေးနှင့် ငုံးမွေးမြူရေး လုပ်ကိုင်သူများမှာမူ လတ်တလောတွင် နည်းပါးနေသေးသည့် အခြေအနေရှိကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်