စပျစ်ခြံထဲက ဖျက်ပိုးနှိမ်နင်းရေး ဘဲတပ်သားများ

31/01/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အဖြူ၊ အမည်းနဲ့ အညိုရောင်ဘဲတွေ ရောထွေးပါဝင်တဲ့ ဘဲအုပ်ကြီးတစ်စုဟာ တောင်အာဖရိကရဲ့ ဝိုင်မြို့တော် Stellenbosch ရှိ စပျစ်ခြံကြီးတစ်ခြံထဲကို လှည့်ကင်းပတ်ရင်း ပင်ကြိုပင်ကြားက ခရုနဲ့ ဖျက်ပိုးတွေကို ဖမ်းယူစားသောက်လျက်ရှိပါတယ်။ သူတို့ဟာ စပျစ်ခြံပိုင်ရှင်တွေ ဓာတုပိုးသတ် ဆေးနဲ့ ဓာတ်မြေဩဇာ သုံးရလွတ်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးနေကြတာပါ။

Vergenoegd Löw အမည်ရ စပျစ်ဝိုင်ခြံထဲမှာ လွှတ်ထားတဲ့ အိန္ဒိယဘဲမျိုး ကောင်ရေ ၅၀၀ ဝန်းကျင်လောက်ဟာ ဖျက်ပိုးနှိမ်နင်းရေးလုပ်သားတွေလည်း ဖြစ်ကြသလို ဝိုင်လာရောက်သောက်သုံးတဲ့ ခရီးသွားတွေကိုလည်း အသုံးတော်ခံပေးကြပါတယ်။

"ကျွန်တော်ကတော့ သူတို့ကို စပျစ်ခြံစောင့်တပ်သားတွေလို့ ခေါ်တယ်" လို့ စပျစ်ခြံမန်‌နေဂျာ Corius Visser က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဝိုင်လုပ်ငန်းက ပြန်လည်ဖော်ထုတ်အသုံးချနေတဲ့ ဒီစိုက်ပျိုးရေးနည်းလမ်းမှာ ဘဲအုပ်တွေက အခရာကျလှပါတယ်။ ခြေတံရှည်ရှည်၊ လည်တံရှည်ရှည် အိန္ဒိယဘဲမျိုး ဖြစ်နေတာကြောင့် သူတို့ဟာ စပျစ်ရွက်တွေကြားက ခရုတွေကို အလွယ်တကူ လှမ်းမီနိုင်ကြပါတယ်။

ဘဲနဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေ စွန့်ထုတ်လိုက်တဲ့ မစင်တွေထဲမှာ မြေအာဟာရတွေ ပြည့်ဝပါဝင်နေတော့ ဒါကလည်း စပျစ်ခြံ သဘာဝနည်းအတိုင်း ရေရှည်တည်တံ့စွာ ကြီးထွားဖြစ်ထွန်းအောင် အထောက်အကူပြုနေပါတယ်။

ခေါင်းဆောင်နောက်ကနေ အခြားဘဲတွေ တစ်စီတစ်တန်း ချီတက်လိုက်ပါနေပုံက စပျစ်ပင်တွေကြားက တပ်စုကြီးသဖွယ်ပါပဲ။

"သူတို့ လှုပ်ရှားသွားလာကြပုံက အံ့ဩစရာကောင်းပါတယ်။ အတန်းလိုက် လမ်းလျှောက်ချီတက်နေတာဆိုရင် စစ်တပ်တစ်တပ်နဲ့တောင် တူနေပါတယ်" လို့ စပျစ်ခြံကို လာလည်သူ Merle Holdsworth က ပြောပါတယ်။

ဘဲတွေရဲ့ တစ်နေ့တာလုပ်ငန်းစဉ်ကတော့ မနက်ပိုင်းမှာ စပျင်ပင်တွေဆီသွားပြီး သီးနှံကာကွယ် ရေး လုပ်၊ ညနေပိုင်းကျ ဘဲခြံဆီ ပြန်လာပြီး ဘဲစာလုံးတွေ လာစားကြတာ ဖြစ်ပါတယ်။

ခြံလုပ်သား Yodell Scholtz ဟာ ခြံထဲက ဘဲတွေကို စောင့်ရှောက်မွေးမြူလာတာ နှစ်နှစ်ရှိပါပြီ။

"ဘဲတွေ မွေးရတာက မိမိကလေးကို စောင့်ရှောက်မွေးမြူရသလိုပါပဲ။ ဒါကြောင့် အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်" လို့ Scholtz က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Army of pest-munching ducks keep South African vineyard blooming - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်